ကြမ်းထရော်ခက်
အသားမာတက်သည့် ၊ တောင်းယက် ပလုံးယက်
ဝါးထရံယက်တဲ့ အဖေ့လက် . . . ။
လက္ခဏာရေး
သုံးပါးတွေးရင်း ၊ အေးဆေးငြိမ်ဆိတ်
ပုတီးစိပ်သည် ၊ စိတ်အဖေးတက်
တရားဖက်တဲ့ အဖေ့လက် . . . ။
အဖေ့လက်ကြမ်း
ငါ့ကျောချမ်းအောင် ဖြန်းကနဲရိုက်
မိုက်ဦးမလား . . .
မိုက်ဦးမလား . . .
နှလုံးသားနဲ့ ရိုက်တဲ့လက် . . .
အမိမဲ့သား
ရေနည်းငါးမို့ ၊ ပွေ့ထားချော့သိပ်
ညအရိပ်မှာ ၊ အိပ်ရာဝင်ပုံပြင်
တေးပဉ္စင်နဲ့ ၊ တင်းပါးပွတ်သပ်
မေတ္တာဓာတ်နဲ့ ၊
ရစ်ပတ်လေတဲ့ အဖေ့လက် . . . ။
အဖျားပြင်းထန်
သွေးလေးကန်သော် ၊ သိပ္ပံမကျ
အလေ့ထဖြင့် ၊ ချွန်မြအပ်ထိပ်
မီးမြိုက်သိပ်ပြီး ၊ လက်ထိပ်ခြေစပ်
ကြိုးဖြင့်ပတ်ကာ ၊ ခပ်စပ်စပ်လေး ဖောက်မပေးမီ .. .
ဟိုရှေးသမိုင်း ၊ ပုံခိုင်းနှိုင်းယှဉ်
တပင်ရွှေထီး ၊ လူရွေးနည်းပဲ
သူရဲသုံးကျိပ် ၊ လက်ထိပ်အပ်စိုက်
တူဖြင့်ရိုက်၍ ၊ မငိုက်မတွန့်
မကြောက်ရွံ့ သူ ၊ ရဲရင့်သူကို
ယူသည့်အလား . . .
ငါ့သားသတ္တိ ၊ အဖေသိအောင်
ရှိပြလိုက်စမ်း ၊ မှန်း . . . ကဲဖေါက်ပြီ . . .
ငါ မထီတော့
သွေးဆီမည်းအား ၊ ကြက်ဟင်းခါးရွက်နဲ့
ပွတ်လျက်ခြေပေး ၊ ရဲစိတ်ပေးသည့်
ကျေးဇူးရှင်လက် ၊ အဖေ့လက်ကို
ကဗျာလက်ဖြင့် ကန်တော့ပါ၏ ။ ။
.....
ရေးသားသူ ။ ။ ဖြိုးထိန်
Digitalize by ။ ။ အရိုးခေါင်း
Saturday, November 1, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment