Subscribe

Wednesday, November 26, 2008

မရေရာ တဲ့ ရလဒ်

တိုးတက်မှု့ 

စိတ်ဓာတ်ရေးရာလား

ရုပ်ဝထ္တုရေးရာလား

မရေရာခင်လေးမှာပဲ ဝေးခဲ့လေပြီ ချစ်မြေဆီမှ

လိုချင်မှူ့တစ်ခုအရင်းတည် ပေမို့

ဆုံးရှုံးမှု့တို့က ထောင်ရာတည်ပေသည်။

တဖန်ပြန်တွေး လိုရာရခဲ့လေသလားလို့…

ဆိုပြန်သော်ကား မရေရာလေ ဤအဖြေက

လေဆန်ကိုကန် မငြင်သာစွာ ရုန်းရသော်ငြား

ဆုပ်ပြန်ရန်လည်း အားမရှိလှပေ။

.....
စုလတ်

တယ်လီပသီ (သို့မဟုတ်) စိတ်တံခါး

ဘာကြိုးမှ ချည်နှောင်မထားဘူး...

သံယောဇဉ်လို့ ခေါင်းစဉ်တပ်ရအောင်

အိပ်မက်ထဲမှာတောင် မဆုံဖူးတဲ့... မျက်ဝန်း

ဘယ်လိုဥတုမျိုးပါလိမ့်

နေမပူ... မိုးမရွာ... မြူလဲမဆိုင်းပဲ

ဥသြတွေက အေးစက်စက် တွန်ကြူးနေကြတယ်...

ပင့်သက်ကိုတောင် ရဲရဲမှုတ်မထုတ်ရဲဘူး....

အဲလို သတိရမှုက လူတောမတိုးတဲ့ ငါ့စက္ကန့်တွေပေါ့...

မှတ်စုစာအုပ်ထဲ တခါပဲချရေးဖူးတဲ့ သူ့နာမည်ကို

တိတ်တဆိတ်လှန်ကြည့်ရင်း ညတွေကို အိပ်မက်လှစေခဲ့ဖူးသူ

ယုံစေချင်တယ်

လည်ပတ်နေတဲ့နှလုံးသွေးတွေက အဲဒီအားနဲ့ နီရဲနေခဲ့တာ...

အငိုတိတ်ခေါင်းမော့ရင်း ကိုယ့်မျက်ရည်ကို ကိုယ်သုတ်

မနက်ဖြန်မှာအတွက် သော့က ငါ့လက်ထဲမှာ…

မိုးလင်းမိုးချုပ် တစ်ယောက်ထဲ လျှောက်ပေမဲ့ နွေးထွေးခြင်းကို

ငါရှုရှိုက်မိတယ်…

စာနာပါ ဒါမှမဟုတ် ခွင့်လွှတ်ပါ...

...စိတ်ကူးယဉ်ပြီး ရူးနေသူ...

.....
မြငြိမ်းငယ်
26th-Nov-2008/ 01:07
သူငယ်ချင်း အရိုးခေါင်း Aတွက် မှတ်မှတ်ရရ ရေးမိသောကဗျာ

Tuesday, November 18, 2008

ကြယ်စုံမဲ့ ချယ်ရီည

သတိရပါတယ်ဆိုမှ
တိမ်တွေက လာငိုပြနေတယ်...

မိုးချုပ်နေ၀င် လျှောက်ဖူးတဲ့လမ်းတွေ
အခုတော့... ဘယ်လောက်တောင် သူစိမ်းဆန်နေခဲ့ပြီလဲ

အလွမ်းတစ်ခုက လွဲပြီး
အရာရာဟာ... တိတ်တဆိတ်လင်းနေတဲ့ ကြယ်

မြူနှင်းတွေနဲ့ ကွယ်ဝှက်ထားလိုက်ရအောင်
မနက်ခင်းတွေက...
ရေမွှေးဆွတ်ရင်း နှိုးထနေရတာမို့.....

ချယ်ရီရေ...

မင်းနဲ့ခပ်ဆင်ဆင် ပါးပြင်က အပန်းရောင်မိတ်ကပ်တွေအတွက်လဲ
ခွင့်မလွှတ်ပါနဲ့တော့...

ရှေ့ဆက်မဲ့လမ်းမှာ အတ္တတွေနဲ့ မွန်းကြပ်နေတယ်ပြောရင်
မဲ့ပြုံးနဲ့ မင်းတစ်ယောက်ငိုနေမှာစိုးတယ်...

''မယ်ဇလီဖူးက ရယ်ဒီမိတ်မရှိဘူး"...

အဲဒီအသံက ဟောဒီရင်ဘတ်မှာ
ပဲ့တင်ထပ်နေတာ... ဘယ်နှစ်နှစ်ကြာခဲ့ပြီလဲ

ပြန်ဆုံပါရစေ...
ကျိုးနွံခြင်းနဲ့အတူ... တောင်းဆိုပါတယ်
...ကံကြမ္မာရယ်...

ချယ်ရီတွေနဲ့အတူ လင်းလက်နေမဲ့
ကြယ်စုံညကလေး... ငါ့ကို ခဏလောက် ပြန်ပေးပါ....
..."သစ္စာ"...

.....
မြငြိမ်းငယ်
22/10/2008
12:08 am

ဆု (သို့မဟုတ်) ရလဒ်

စစ်ပွဲတစ်ခုဆိုရင် သေချာပြီ
ငါဟာ သုံ့ပန်းပဲ

ဟင်းလင်းပြင်ကျယ်လိုလို.. အခန်းကျဉ်းထဲမှာလိုလို

အမိန့်သံသဲ့သဲ့လေးကိုပဲ အောက်စီဂျင်တစ်ခုလို
အငမ်းမရရှိုက်သွင်း...

မြင်ကွင်းတွေမသဲကွဲတာ
မျက်ရည်ဝဲနေခဲ့ခြင်းကြောင့်တော့ မဖြစ်နိုင်ဘူး...

..."နေကောင်းအောင်နေပါ"....

အသံလာရာအရပ်ကို မှန်းအကြည့်
နောက်ကျောက အနာဒဏ်ကြောင့်ထင်ရဲ့...

ဘ၀က... အမှောင်ကျသွားတယ်...
...နိဂုံး...

.....
မြငြိမ်းငယ်
15th Nov, 2008
16:00

Saturday, November 1, 2008

ပန်းခူးချိန်

ဟေ … လာကြ
ဘဝမြူးချိန် ပန်းခူးချိန်မို့
မြိန်မြိန်ရှက်ရှက်လာခဲ့ကြ။
တစ်ရံမလပ်
သတိချပ်လို့ ၊ ပန်းငတ်သူတွေ
မတ်မတ်မိုးမိုး ၊ ဦးနှောက်အိုးကို
စက်နိုးထား …
ပျားလိုအသည်း
နှလုံးရဲကို ၊ ရင်ထဲသွင်းပြီး
ခရီးထွင် …
တေးလွင်ကျူးကြလေ။
တောင်ကလည်းမှိုင်း
တောကမှိုင်း …
နှင်းရိုင်းမိုးရိုင်း ၊ မုန်တိုင်းရိုင်းရာ
ကန္တာရလမ်း …
ပန်းခူးလမ်း … ။
စမ်းမြတစ်ရာ
ပန်းတစ်ရာ
စမ်းပြာကအေး ၊ ပန်းကမွှေး
စမ်းကြည်နွဲ့ ခွေ ၊ ပန်းသီးလှည့်လေ-
မှုန်ဝေသည့်လမ်း။
ပန်းခူးလမ်း။
သည်ပန်းသည်လမ်း
လွမ်းကလွမ်းသနှင့်
အဆန်းတကြယ် ၊ ပန်းမြိုင်လယ်
လိုက်မယ်တဲ့လား ၊ လိုက်မယ်လား-
လိုက်မယ်ဆိုသွား ၊ လိုက်ယင်သွား
နှလုံးသားကို
ဆေးကြောထား … ။ ။

.....
ရေးသားသူ ။ ။ ဖြိုးထိန်
Digitalize by ။ ။ အရိုးခေါင်း

ပန်းစစ်တမ်း

ပီဘိ
သံမဏိနွယ်
ငါ ထွန်ယက်စိုက်ပျိုးမယ်။
နေမကောင်းတဲ့ပန်း
ကြွေစမ်းပါစေ
မျက်ရည်ခံထိုးမနေနဲ့။
ပန်းဆိုတာ
အရုဏ်ဦးမှာ ပွင့်ပွင့်
မွန်းတည့်မှာ ပွင့်ပွင့်
နေဝင်ချိန်မှာ ပွင့်ပွင့်
မှောင်ထဲမှာ ပွင့်ပွင့်
သစ္စာပန်းတစ်ပွင့် ပွင့်ဖို့လိုတယ် ။ ။

......
ရေးသားသူ ။ ။ ဖြိုးထိန်
Digitalize by ။ ။ အရိုးခေါင်း

ထင်းရှုးပင်၏တေးသံ

ထင်းရှုးပင်ပျို
မြစိမ်းညို
လေအိုရယ်သွမ်း ကလူနမ်း
ပန်းနေပြီလား . . . ပန်းပြီလား။
မပန်းတဲ့ပြင်
ထီမထင်
တေးရွှင်နေဆဲ . . . ရွှင်နေဆဲ။
ထင်းရှုးပင်ပျို
မြစိမ်းညို
မုန်ယိုမိုးညစ် သူကုတ်ခြစ်
မြစ်ကျွတ်ပြီလား . . . ကျွတ်ပြီလား။
အမြစ်မြဲမြံ
ကြံ့ကြံ့ ခံ
သန်မာဦးမည် . . . သန်ဦးမည်။
ထင်းရှုးပင်ပျို
မြစိမ်းညို
ရန်လိုတောမီး လောက်မြိုက်ညီး
မီးကျွမ်းပြီလား . . . ကျွမ်းပြီလား။
မီးသွေးမဖြစ်
ခွန်အားသစ်
ပုရစ်ညွန့်ဝေ ဘယ်မသေ
အနေရဲရင့် ပွဲလယ်တင့်
ဂုဏ်နှင့် ဒြပ်နှင့်ဝင့် ။ ။

.....
ရေးသားသူ ။ ။ ဖြိုးထိန်
Digitalize by ။ ။ အရိုးခေါင်း

မိုးသက်သေမြေသက်သေ

ဘဝကိုဘာနဲ့ ကြိတ်ကြိတ်
ဘိုဒူဇာနဲ့ပဲ ကြိတ်ကြိတ်
လမ်းကြိတ်စက်နဲ့ပဲ ကြိတ်ကြိတ်
ရင်စည်းခံပါ့မယ်
ပန်းနုရောင်နောင်တများ လည်းမရခဲ့ပါ
ရိတ်သိမ်းစရာဆိုလို့
ကဗျာပဲရှိပါတယ်
ကဗျာသာမြတ်နိုးရာကိုးကွယ်ရာ။
အတိတ်ဆိုတာရှိစမြဲ
ဝမ်းနည်းရတဲ့အခါမှာလည်း
ဝမ်းမသာပါရစေနဲ့
ပျော်ရွှင်ရမဲ့အချိန်မှာလည်း
မကြေကွဲပါရစေနဲ့
အချစ်တွေ ၊ အိပ်မက်တွေ
လေထဲအိပ်ဆောက်ပျောက်ရှသွားရင်
မျက်ရည်လှိုင်းတံပိုးကြီးချင် ကြီးမယ်
ကဗျာလျှောက်လမ်း ကြမ်းပါစေ ။

......
ရေးသားသူ ။ ။ ဖြိုးထိန်
Digitalize by ။ ။ အရိုးခေါင်း

ငါသောက်ခဲ့တဲ့မျက်ရည်များ

မုန်းရက်သူတွေက
ငါ့မျက်ရည်ကို ခြေဆေးတဲ့အခါ
ကဗျာတွေဖြစ်လာတယ်။

ကဗျာဟာ
ငါသောက်ခဲ့တဲ့မျက်ရည်
ကမ္ဘာပေါ်မှာ အလှပဆုံး ။

.....
ရေးသားသူ ။ ။ ဖြိုးထိန်
Digitalize by ။ ။ အရိုးခေါင်း

ကြေကွဲသက်စေ့အလွမ်း

ကဗျာဆရာတဂိုး
သင့်ကို ငါ ရိုကျိုးတယ်
သင့်ကဗျာတွေကို ငါ ရှိခိုးတယ်
သင့်ရဲ့စာတွေ ငါ မြတ်နိုးတယ်။
သင်ဟာ
သစ္စာအပြာ
မဟာငြိမ်းချမ်းပွင့်။
သင့်လိုပဲ
အိပ်မက်ရောင်စုံ
ရင်ခုန်ပြန့်ကြဲ
လောကကြီးထဲ နေရဲချင်။
သင့်ရင်ထဲက
ကဗျာပဉ္စလက်
နှလုံးသား ကျောက်စက်စမ်းရေ
ငါ ကြေကွဲသက်စေ့ သောက်သုံးသွားမယ်လေ။
တွယ်ရာမဲ့ အလွမ်းနဲ့
လေလွင့်ပန်းတစ်ခက်
ကိုက်ချီလာတဲ့ တေလေငှက်လို
သင့်ကဗျာတွေ ကြည့်လို့ကောင်းတယ်။
ပြုံးနေတဲ့ နေလုံးကို
ဝုန်းကနဲဆွဲချ
သိပ်လှတဲ့ဆည်းဆာလို
ငါ့ကဗျာတွေကို တောက်စေမယ်။
ဘာကိုမှ
အကြောက်အလန့်မရှိ
သိချင်စိတ်ပြည့်မောက်
ရွှန်းလဲ့တောက်နေတဲ့
အပျိုပေါက်မျက်လုံးလို
ငါ့ကဗျာတွေ ရဲရင့်စေမယ် ။
သဲသောင်တွေကို
ရှုခင်းဖြစ်စေတဲ့
ဒီရေနဲ့ လှိုင်းလို
ငါ့ကဗျာတွေကို ရှိုင်းစေမယ် ။ ။

......
ရေးသားသူ ။ ။ ဖြိုးထိန်
Digitalize by ။ ။ အရိုးခေါင်း

ကွဲအက်ပဲ့တင်

သိထားဖို့က
သူများခြေထောက်နဲ့
အငှားလျှောက်သူတွေထဲမှာ
ငါမပါဘူး ။
ငါ့ဦးနှောက်နဲ့ ငါ
လမ်းလျှောက်မယ်
ပန်းကောက်မယ်
လသာတုန်း ဗိုင်းငင်မယ်
မိုးရွာရင် ရေခံမယ်
မိုးမရွာရင် ရေခပ်မယ်
ဈေးကွဲချိန်မှာ
ဈေးမဝယ်ဘူး
ပေါချောင်မလိုက်ဘူး
မှန်စာမပါပဲ
စွန်မလွှတ်ဘူး ။
နောက်ကျရင်
အစွယ်လိုချင်သူက မိဖုရား
အသွားစေခိုင်းသူက မင်းဧကရာဇ်
လေးပစ်သူကဘုရားကျွန်တော်မျိုးလို့
သောနုတ္ထိုရ်လိုမတောင်းပန်နဲ့
ငါ … ဆဒ္ဒန်ဆင်မင်း မဟုတ်ဘူး ။ ။

.....
ရေးသားသူ ။ ။ ဖြိုးထိန်
Digitalize by ။ ။ အရိုးခေါင်း

အဖေ့လက်

ကြမ်းထရော်ခက်
အသားမာတက်သည့် ၊ တောင်းယက် ပလုံးယက်
ဝါးထရံယက်တဲ့ အဖေ့လက် . . . ။
လက္ခဏာရေး
သုံးပါးတွေးရင်း ၊ အေးဆေးငြိမ်ဆိတ်
ပုတီးစိပ်သည် ၊ စိတ်အဖေးတက်
တရားဖက်တဲ့ အဖေ့လက် . . . ။
အဖေ့လက်ကြမ်း
ငါ့ကျောချမ်းအောင် ဖြန်းကနဲရိုက်
မိုက်ဦးမလား . . .
မိုက်ဦးမလား . . .
နှလုံးသားနဲ့ ရိုက်တဲ့လက် . . .
အမိမဲ့သား
ရေနည်းငါးမို့ ၊ ပွေ့ထားချော့သိပ်
ညအရိပ်မှာ ၊ အိပ်ရာဝင်ပုံပြင်
တေးပဉ္စင်နဲ့ ၊ တင်းပါးပွတ်သပ်
မေတ္တာဓာတ်နဲ့ ၊
ရစ်ပတ်လေတဲ့ အဖေ့လက် . . . ။
အဖျားပြင်းထန်
သွေးလေးကန်သော် ၊ သိပ္ပံမကျ
အလေ့ထဖြင့် ၊ ချွန်မြအပ်ထိပ်
မီးမြိုက်သိပ်ပြီး ၊ လက်ထိပ်ခြေစပ်
ကြိုးဖြင့်ပတ်ကာ ၊ ခပ်စပ်စပ်လေး ဖောက်မပေးမီ .. .
ဟိုရှေးသမိုင်း ၊ ပုံခိုင်းနှိုင်းယှဉ်
တပင်ရွှေထီး ၊ လူရွေးနည်းပဲ
သူရဲသုံးကျိပ် ၊ လက်ထိပ်အပ်စိုက်
တူဖြင့်ရိုက်၍ ၊ မငိုက်မတွန့်
မကြောက်ရွံ့ သူ ၊ ရဲရင့်သူကို
ယူသည့်အလား . . .
ငါ့သားသတ္တိ ၊ အဖေသိအောင်
ရှိပြလိုက်စမ်း ၊ မှန်း . . . ကဲဖေါက်ပြီ . . .
ငါ မထီတော့
သွေးဆီမည်းအား ၊ ကြက်ဟင်းခါးရွက်နဲ့
ပွတ်လျက်ခြေပေး ၊ ရဲစိတ်ပေးသည့်
ကျေးဇူးရှင်လက် ၊ အဖေ့လက်ကို
ကဗျာလက်ဖြင့် ကန်တော့ပါ၏ ။ ။

.....
ရေးသားသူ ။ ။ ဖြိုးထိန်
Digitalize by ။ ။ အရိုးခေါင်း

အမေ့ကြေးစည်

အမေ့ကြေးစည်
ကြေးရည်ဝင်းပြတ် ၊ တလက်လက်နှင့်
အိမ့်ကျက်သရေ . . . ။
အမေသည်
ဤကြေးစည်ဖြင့် ၊ ကသိလင်တ
လောဘဒေါသ ၊ သက္ကာယကို
မာန်ချညွတ်နူး ၊ ဦးနှိမ်ကျူးကာ
ညဥ့်ဦးယံတေး ၊ သီကြွေးသူ . . . ။
အမေသည်
ဤကြေးစည်ဖြင့် ၊ ဆီမီးရေချမ်း
ဆွမ်းပန်းကပ်လှူ ၊ ကုသိုလ်ယူကာ
အပူလည်းပျောက် ၊ ဒါနမြောက်အောင်
မိုးသောက်ယံတေး ၊ သီကြွေးသူ . . . ။
အမေသည်
ဤကြေးစည်ဖြင့် ၊ ကြည်လင်အားမွေး
ဘဝတေးကို ၊ ဈေးတောင်းခေါင်းရွက်
သင်ဖျာယက်ခါ
အသက်မွေးသူ ၊ သီကြွေးသူ . . . ။
အမေသည်
ဤကြေးစည်ဖြင့် ၊ ပွေလီခက်ထန်
လောကဓံကို
ြ့ကံကြံ့ခံသူ အန်တုသူ . . . ။
အမေ့ကြေးစည်
အိမ်ဦးဆီမှာ ၊ ကြေးစည်ဘုနဲ့
အတုမဲ့စွာ ၊ ကျန်ခဲ့ပါပြီ
ကြေးရည်ဝင်းပြတ် ၊ တလတ်လတ်နှင့်
အိမ့်ကျက်သရေ ။ ။


.....
ရေးသားသူ ။ ။ ဖြိုးထိန်
Digitalize by ။ ။ အရိုးခေါင်း

သံဃာ

ဗုဒ္ဓဘုရားရှင် မြတ်ပုံသွင်ကို
သွယ်ငင်ပေးလှာ ထေရ်သံဃာကို
ခါခါကြိမ်ကြိမ် ရှိဦးနှိမ်မိ။

ဗုဒ္ဓတရားယဉ် အေးမြိုက်စင်ကို
သွယ်ငင်ပေးလှာ ထေရ်သံဃာကို
ခါခါကြိမ်ကြိမ် ရှိဦးနှိမ်မိ။

မြတ်သံဃာသည်
ဗုဒ္ဓါစုံစက် ခေါင်းနှင့်ရွက်၍
ခွန်းမြွက်ဓမ္မ ပိဋကထမ်း
လမ်းမဆုံးအောင် ကြွချီလျက်။

.....
ရေးသားသူ ။ ။ အံ့မောင်
Digitalize by ။ ။ အရိုးခေါင်း

အဘိုးစကား

ကျွန်ခေတ်မှာ လူရာမဝင်ချင်ဘူး
မိန့်ဖူးတဲ့ အဘိုးစကား
ပြည်သူတွေအတွက် အား။

ပော့ တစ်ဗိုလ်ထမယ့် ညိုမြရဲ့
ထမင်းတစ်လုတ်အတွက်ဖြင့်
ထင်းခုတ်တော့ အများတကာနဲ(နည်း)
စားရမှာ မလွဲ လို့
မာနခဲ ပြည့်သူ့စကား
အဘိုးမိန့်ကြားလိုက်ပုံက
မိုက်မိုက်မှောင်မှုန် စခန်းမှာ
အလန်းတန်းကြီး ထိုးလိုက်သလို ။
ဆရာမသေခင်
တိုင်းပြည်မှာ ငြိမ်းချမ်းရေးအစစ်ကို
မြင်တွေ့ကြားသိသွားချင်တယ် လို့
တသွင်သွင် စမ်းရေစီးသလို
မီးကြားက ပြောရှာတဲ့
ဆရာကြီးရဲ့ စကား
တိုင်းပြည်သားတွေအတွက်
အသည်းကြား ပွင့်ဖူး
ပိတောက်ဦးလေ ။

တစ်ပြည်သားနယ်ချဲ့ အစွန်းရန်ကို
တကယ်တကဲ့တွန်းလှန်ဖို့အရေးကလဲ
မဝေးတော့ပြီမို့
အရေးကြီးလျှင်ဖြင့်
သွေးစည်းပြီး
သွေးနီးရာဆိုတဲ့အတိုင်း
ကိုင်း ထထကြွကြွနှင့် ဝိုင်းကြပေရော့ လို့
တိုင်းမြန်မာတစ်ကြောက ပြည်သူတွေ
ညီစေဖို့ အထပ်ထပ်ဟော ။
ကောင်းကျိုးထွေထွေနဲ့
ချွန်စေမြစေစော
ဒေါင်းအိုးဝေရယ်သို့
တွန်စေကစေသောဝ် လို့
မမောမပန်း
ဟောညွှန်းခဲ့တဲ့ အဘိုးစကား
မြန်မာမျိုးအတွက် မညှိုးပန်းများ ။

.....
ရေးသားသူ ။ ။ အံ့မောင်
Digitalize by ။ ။ အရိုးခေါင်း

ချိုးဖြူငှက်များ ပျံပါလေ

အာဃာတ ယမ်းငွေ့များပေါ်
လောဘဇော အမှိုက်ပုံများပေါ်
ကျော်
ကျော်
ချိုးဖြူငှက်များ ကျော်ပါလေ ။

လွတ်လပ် အာကာ ပြာပြာထဲ
ဝဲ
ဝဲ
ချိုးဖြူငှက်များ ဝဲပါလေ ။

စပါးခင်း ဂျူံခင်း ရွှေရောင်ဝင်းရာဆီ
ချီ
ချီ
ချိုးဖြူငှက်များ ချီပါလေ ။

ကျေးရွာ ငြိမ်းချမ်း မြို့ စိမ်းလန်းများထဲ
ပျံ
ပျံ
ချိုးဖြူငှက်များ ပျံပါလေ ။

တို့ရှေ့ က ချိုးဖြူငှက်
အသက် တစ်ရာ့နှစ်ဆယ်
ပင်လယ်သမုဒ္ဒရာ မေတ္တာ
စေတနာတောင်တော်မို့နဲ့
ပိတ်ဆို့ လေကို ဖေါက်ခွဲ
အားစုခဲ တောင်ပံနှစ်ဖြာ
မဟာသတ္တိ
မဟာ ယုံကြည်ချက်
လင်းလက် ခိုင်ကြွယ်
လူရယ်
မြေရယ်
ကမ္ဘာရယ်
သတ္တဝါတွေရယ်
ရင်ဝယ်အေးစေကြောင်း
ကောင်းမြတ် ပျားရည်စမ်း
ငြိမ်းချမ်း
လွတ်လပ်
တရားမျှတ စမ်းတွေ ကပ်ရာ
သမ္မမြေဆီကို ပျံသန်း
ချိုးငှက်တို့ တက်လှမ်း
ခက်ကြမ်းလေ တိုးဖြတ်
မုဆိုးပိုက်ကွန် ရှောင်ပတ်
ထနောင်းပင် လှရာ အရပ်
တေးကူသံ တေတျာ စပ်ဖို့
ရိုက်ခတ် တောင်ပံ
ပျံ
ပျံ
ပျံနိုင်ကြစေသောဝ် ။

.....
ရေးသားသူ ။ ။ အံ့မောင်
Digitalize by ။ ။ အရိုးခေါင်း

ပိုး

နှင်းဆီဖူး
ခူးမယ် ကြံ
ရိုးတံ နွဲ့
ပိုးနဲ့ လား ။


.....
ရေးသားသူ ။ ။ အံ့မောင်
Digitalize by ။ ။ အရိုးခေါင်း

ပတ္တလား

ပတ္တလား
ဝါးတစ်ဆန်နှင့်
တေးသံ မဖြစ် ။

အဆန်ကြီးသေး
ညီညွတ်ရေးဖွဲ့
တေးသံနွဲ့နွဲ့ရစ်။

.....
ရေးသားသူ ။ ။ အံ့မောင်
Digitalize by ။ ။ အရိုးခေါင်း

လဝန်းနှင့် နှင်းဆီ

လဝန်းကကြည်
နှင်းဆီကပြုံး ။
အလှအယဉ်တူမည့်
အကြူမှာ နှင်းဆီနံ့ငယ်
သင်းပျံ့ မဆုံး ။ ။


.....
ရေးသားသူ ။ ။ မင်းသုဝဏ်
Digitalize by ။ ။ အရိုးခေါင်း

ဇာနည့်ထုံး

လွတ်လပ်တော့မည် ၊ မြန်မာပြည်တည့်
ဇာနည်တို့ထုံး ၊ ပိုက်ယူကျူံး၍
နှလုံး ရဲခက် လှစေမင်း ။

လွတ်လပ်တော့မည် ၊ မြန်မာပြည်တည့်
ဇာနည်တို့ထုံး ၊ ပိုက်ယူကျူံး၍
လက်ရုံး ကျန်းခက် လှစေမင်း ။

လွတ်လပ်သောခါ ၊ အိုမြန်မာတို့
ချူချာနုံ့နဲ့ ၊ တအားနွဲ့ ကို
ညှာငဲ့ထောက်တွေး ၊ သားငယ်ထွေးသို့
ပြုရေး ညံ့သက် ကြစေမင်း ။ ။


.....
ရေးသားသူ ။ ။ မင်းသုဝဏ်
Digitalize by ။ ။ အရိုးခေါင်း

သူ့မှာတမ်း

သူတို့ အဆုတ် ၊ ထားခဲ့မြုပ်သည့်
ဗုံးငုတ် တိုက်မှား ၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းသည်း ။

“အမောင်ပြောက်ကျား ၊ ချစ်သူအားကို
ဘာများ မှာခဲ့လိုသနည်း ။”

“ငယ်က ကြင်မြတ် ၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ ။”

“အမောင်ပြောက်ကျား ၊ မိဘအားကို
ဘာများ မှာခဲ့လိုသနည်း ။”

“မွေးသည့်မိခင် ၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ ။”

“အမောင်ပြောက်ကျား ၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့လိုသနည်း ။”

“ခရီးမတ်တတ် ၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ ၊ ခွာရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ ။”

ယမ်းငွေ့ အူအူ ၊ တလူလူနှင့်
မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား ။ ။


.....
ရေးသားသူ ။ ။ မင်းသုဝဏ်
Digitalize by ။ ။ အရိုးခေါင်း

ငါ

ငါ့မှာလည်း ငါ ၊ သူ့မှာ ငါနှင့်
ငါ့ငါ သူ့ငါ ၊ တွေ့ကြခါဝယ်
ငါနှင့်ငါချင်း ၊ ငါစစ်ခင်းလျက်
ပူပြင်းလျှံရဲ ငါ ပေါက်ကွဲ၏

ငါ ဒုက္ခပေး ၊ ငါ မအေး၍
ငါ အေးရကြောင်း ၊ ခွင့်ခါချောင်းလျက်
ငါ ကောင်းကို ရှာ ၊ ငါဆိုး ခွာသော်
ကွာလေသည် သို့ ၊ ဖြစ်သမြို့ လည်း
ခေါင်းလျှို့ ကိုယ်ခွေ ၊ ပခြုပ်ဗွေ၌
ငန်းမြွေ မခြား ၊ နှဲသံ ကြားလျှင်
ပါးပျဉ်း ထောင်လျက် ငါသည်ထွက်၏ ။

အို-ဖွားဖက် ငါ ၊ အသင် ငါနှင့်
ငါ မလျှော့တမ်း ၊ အားအန် စမ်းအံ့ ။
အစွမ်း သာသူ ၊ ပန်းဆွတ်ယူလိမ့် ။
ငါမူ ငါ့ကို အောင်မည်လော ။
ငါ့ကို ငါက အောင်မည်လော ။ ။


.....
ရေးသားသူ ။ ။ မင်းသုဝဏ်
Digitalize by ။ ။ အရိုးခေါင်း

နှင်းဆီပွင့်

လယ်တောကပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာ ပေး ။

မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး ။ ။

.....
ရေးသားသူ ။ ။ မင်းသုဝဏ်
Digitalize by ။ ။ အရိုးခေါင်း

ဝေးလျက်ပင်

(လယ်တီဘုရား ဦးထိပ်ထားလျက်)
ခွင့်သာ ခိုက်မို့ ၊ လိုက်မည် ကြံလည်း
ရှာရန် ဖွေရန် ၊ လေ့လာရန် ဟု
ရန်ပေါင်းများစွာ ၊ ဆီးဆို့ကာ၍
ငါ့မှာ မလိုက်နိုင်တကား ။

ခွင့်သာဆဲမို့ ၊ ခဲမည် ကြံလည်း
တွေးရန် တောရန် ၊ စဉ်းစားရန်ဟု
ရန်ပေါင်း များစွာ ၊ ဆီးဆို့ကာ၍
ငါ့မှာ မခဲနိုင်ပါတကား ။

ခွင့်သာတုန်းမို့ ၊ ရုန်းမည် ကြံလည်း
ရေးရန် သားရန် ၊ တင်ပြရန် ဟု
ရန်ပေါင်းများစွာ ၊ ဆီးဆို့ကာ၍
ငါ့မှာ မရုန်းနိုင်ပါတကား ။

ပိတ်ဆို့ ဆီးကာ ၊ ရန်များစွာကို
ရုန်းခွာတော့မည် ၊ တွေး ကြံစည်ရင်း
နေခြည်တွင် လက် ၊ ပင့်ကူ ရက်သည့်
ကွန်ယက် ကျလှာ ၊ ပိုးပမာသို့
ရုန်းခွာ လေတိုင်း ၊ ကြိုးတွေ ဆိုင်း၍
မပိုင်း ဖြတ်နိုင် ၊ စိတ် မခိုင်သည်
ယိုင်ကာ လဲပြန် ရတကား ။

ရန်ပေါင်းများစွာ တို့အကြား ။
ဝေးက လှမ်းမျှော် နေလျက် သား ။
ထွက်လမ်း ဝေးကာ ဝေးကာ သွား ။
ယောကျာ်း ဘသာ သံမှုန့် စား ။ ။


.....
ရေးသားသူ ။ ။ မင်းသုဝဏ်
Digitalize by ။ ။ အရိုးခေါင်း

ယောကျာ်းဘသား

မြောက်ပြန်လေဆိုး ၊ သူကြီးစိုးလျက်
နှင်းမိုးစွေဖွဲ ၊ အချမ်းကဲသည်
ရိုးထဲခြင်ဆီ ခိုက်ခဲ့သည် ။

ခိုက်ခိုက်တုန်၍
နှင်းမှုန်ဝဲကျ ၊ သောကာလ၌
ဒုက္ခပြင်ကျယ် ၊ လှိုင်းပင်လယ်တွင်
လောင်းငယ်တက်ရှင် ၊ မှန်းမမြင်သည်
သေလျှင်ကောင်းစွ သူတောင့်တ ။

သို့တောင့်တလည်း
အာဂယောကျာ်း ၊ ငါတကားဟု
ဘသားတင်းကာ ၊ လှော်ခဲ့ပါသော်
အာကာရှေ့ ပြင် ၊ ဒေါင်းနတ်ရှင်သည်
ကြည်လင်ထွန်းပ လှေဦးမှလည်း
နီစွအခံ ၊ ကြယ်ငယ်ရံ၍
ကြယ်ပျံသောက်ရှုး ၊ တံခွန်မြူးခဲ့ ။
တက်မှူးမှန်မှန် ၊ လှော်ပဲ့ပြန်သော်
ယုဂန်ထိပ်မှ ၊ ခွာညိုမြသည်
သင်းပျမွှေးညက် ၊ ခွန်းချိုဆက်၍
လှေတက်လောင်းမော် ၊ ပြုံးရွှင်ပျော်သည်
တေးကြော်တျာကျူး ပင်လယ်ကူး ။ ။


.....
ရေးသားသူ ။ ။ မင်းသုဝဏ်
Digitalize by ။ ။ အရိုးခေါင်း

အင်းလေးကန်

တောင်ပတ်ဝန်း၍
မျှော်မှန်းလေရာ ၊ စိမ်းပြာလဲ့သည်
နန္ဒာကန်လော ငါတွေးတောခဲ့ ။

သစ္စာမချွတ် ၊ မေတ္တာဆွတ်၍
ညီညွတ်မျှတ ၊ ဆက်ဆံကြသည်
ဓမ္မပါလော ငါတွေးတောခဲ့ ။

ထိုအင်းထိုကန် ၊ ထိုရပ်ဌာန်တွင်
ကြည်မွန်တရား ၊ ကျင့်ပွားများလျက်
ရည်လျားသံသာ ၊ တိုကြောင်းရှာမှ
သင့်ရာသလော ငါတွေးတောခဲ့ ။

သို့တွေးတောလည်း
သံယောဇဉ်တပ် ၊ ငါ့မွေးရပ်သို့
ချဉ်းကပ်ရန်သာ ၊ ရှောင်ခဲ့ခွာသည်
ဘယ်ခါ ဆန္ဒ ပြည့်ပါအံ့ ။ ။

.....
ရေးသားသူ ။ ။ မင်းသုဝဏ်
Digitalize by ။ ။ အရိုးခေါင်း

စိတ်ကို ထိန်းပါ

အသက်ရှည်ချင် စိတ်ရှည်ပါ ။
စိတ်တိုနေလျှင် သက်တိုမှာ ။
စိတ်သာရှင်စော ဘုရားဟော ။
စိတ်ညစ်စရာ အလွန်ပေါ
ဤလောကကို ထင်နေလျှင်
နေအထွက်က နေအဝင်
ပူပင်မှုတွေ ပြတ်မစဲ
မျောနစ်နေမှာ ဒုက္ခဝဲ ။
စိတ်ထဲမှာပေါ် ဆင်းရဲမှု
တတ်နိုင်သမျှ လျစ်လျူရှု ။
မြတ်ကောင်းမှုကို ရှာစဉ်းစား ။
ချမ်းသာလိမ့်မည် နည်း အများ ။
ကိုယ့်ကိုယ် ကိုယ်က ချစ်သနား ။
မမေ့မလျော့ သတိထား ။ ။

.....
ရေးသားသူ ။ ။ မင်းသုဝဏ်
Digitalize by ။ ။ အရိုးခေါင်း

လောဘအိုးကလေး

အနန္တကောင်းကင်ပြာ ကို
သူ့ ရဲ့ ကြယ်တွေအားလုံးနဲ့  ပဲပေးပေး
အနဂ္ဃ ရတနာ တွေနဲ့ 
ဟောဒီ ကမ္ဘာ ကြီး တစ်ခုလုံး ကိုပဲ ပေးပေး
ကျွန်တော်မကျေနပ် နိုင်ဘူး ၊
ဒီလောက်နဲ့ ဘယ်ရမလဲ
ထပ်တောင်းရမှာပေါ့။

ဒါပေမယ့်
သူမဟာ ကျွန်တော့် အတွက်ပဲဖြစ်ရမယ်ဆိုရင်တော့
ဒီကမ္ဘာရဲ့ ချောင်တစ်ချောင် မှာ
အငယ်ဆုံး တစ်နေရာ ရရင်ပဲ
ကျွန်တော်ကျေနပ်လှပါပြီ ။

....
ရေးသားသူ ။ ။ ရာဘင်ဒြာ နသ် တဂိုး
ဘာသာပြန်သူ ။ ။ မောင်သန့်စင်
Digitalize by ။ ။ အရိုးခေါင်း

တိမ်းရှောင်သူ ( ၄ )

ကြယ်များသည် ပိုးစုန်းကြူးများကဲ့သို့ ဖြစ်လာမည်ကို
မကြောက်ကြချေ။

ဖန်မီးအိမ်သည် မြေမီးခွက်က
သူ့အား ဆွေမျိုးသားချင်းအဖြစ် ခေါ်ရမည်လားဟု
ဆူပူကြိမ်းမောင်းနေစဉ်
လထွက်သောအခါ ပျူငှာစွာပြုံးလျက် လ အား
“ငါ၏ ချစ်စွာသော
ချစ်လှစွာသော မမ”ဟု
ခေါ်လိုက်လေသည်။

မိမိကိုယ်ကို
ကြီးမားစွာ နှိမ့်ချလာသောအခါ
ငါတို့သည် ကြီးကျယ်ခြင်းနှင့် အနီးဆုံးသောနေရာသို့
ရောက်ရှိလာကြ၏ ။

ဘုရားသခင်သည် လူသားတို့အပေါ်၌
စိတ်မကုန်သေးဟူသော သတင်းစကားကို
ကလေးသူငယ်တိုင်း ယူဆောင်လာကြကုန်၏ ။

သေခြင်းတရား၌ အများစုသည် တစ်ခုဖြစ်လာ၏
ဘဝ၌ တစ်ခုသည် အများဖြစ်လာ၏
ထာဝရဘုရားသခင် ကွယ်လွန်သောအခါ
ဘာသာတရားသည် တစ်ခုတည်း ဖြစ်သွားလိမ့်မည်။

နှင်းစက်က ရေကန်အား
“သင်ကား ကြာဖက်အောက်ရှိ နှင်းစက်ကြီးတည်း
ငါကား ကြာဖက်ပေါ်ရှိ နှင်းစက်ငယ်တည်း” ဟု
ပြောလိုက်၏ ။

ဓားသွား၏ ထက်မြက်ခြင်းကို ကာကွယ်ပေးရင်းဖြင့်
ဓားအိမ်သည်
မိမိ၏ ဘဝကို အတုံးခံကာ ကျေနပ်နေ၏ ။ ။


ရေးသားသူ ။ ။ ရာဘင်ဒြာ နသ် တဂိုး
ဘာသာပြန်သူ ။ ။ မောင်သန့်စင်
Digitalize by ။ ။ အရိုးခေါင်း

တိမ်းရှောင်သူ ( ၃ )

မြေကြီးကို ငုပ်လျှိုးကြည့်ရင်
အမြစ်များကို အကိုင်းအခက်အဖြစ်နဲ့ တွေ့ရမယ်၊
လေထုထဲ ကျပြန်တော့
အကိုင်းအခက်တွေက အမြစ်ဖြစ်နေပြန်ပါရော။

“လမင်းရဲ့ ငွေခြည်လွှာတွေ ကြားကများ
မေတ္တာစာတစ်ပုဒ် ပါးခဲ့လေသလား”လို့
ညမှောင်မည်းက နေခြည်ရဲရဲကို မေးတဲ့အခါ
“မျက်ရည်များနဲ့ စိုစွတ်နေတဲ့
မြက်ခင်းစိမ်းမှာသာ
အဖြေရှာကြည့်တော့”လို့ ဖြေတယ်၊

ပန်းကလေးတွေရဲ့ ပန်းဝတ်ရည်ကို
သောက်သုံးပြီးတိုင်း
“ကျေးဇူးတင်ပါတယ်” လို့
ပျားတွေက ပြောခဲ့ကြစမြဲပါပဲ၊
လှပထည်ဝါသော လိပ်ပြာတွေကတော့
သည်နှယ် မဟုတ်ပါဘူး။

ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့ တန်းခိုးတော်ဟာ
သာယာလှတဲ့ လေညင်းတွေမှာသာ
အခြေတည်လေ့ ရှိပါတယ်၊
မုန်တိုင်းမှာ
လုံးဝ မရှိပါဘူး၊

မိုးစက်ကလေးတွေက
မြေပြင်ကို နမ်းရင်း
စကားကို သဲ့သဲ့ဆိုရှာတယ်
“အမေရယ်
ကျွန်တော်တို့ဟာ
အိမ်လွမ်းနေတဲ့ ကလေးတွေပါ
အခု
ကောင်းကင်ဘုံကနေ
အမေ့ဆီ ပြန်လာကြပါပြီ”။

ငှက်ကလေးတွေက
မိုးတိမ်တွေရဲ့ဘဝကို အားကျတယ်၊
တိမ်တွေက
ငှက်ကလေးတွေရဲ့ အဖြစ်မျိုးကို
လိုလားကြပြန်တယ်။

အသီး၏ အကျိုးဆောင်မှုသည် ထူုးမြတ်၏၊
အပွင့်၏ အကျိုးဆောင်မှုသည် လှပ၏ ၊
နှိမ့်ချ နာလိုသော အရိပ်အာဝါသဖြင့်
အကျိုးဆောင်မှုကို ပြုပေသော
အရွက်၏ ရွက်ဆောင်မှုမျိုးတွင်
ကျွန်ုပ်၏ အကျိုးဆောင်မှုသည် တည်ပါစေ။

ဆုံးရှုံးခဲ့ရလေသော
မေတ္တာတရားတို့ဖြင့်
ဘဝသည်
ပိုမို ကြွယ်ဝလာခဲ့လေပြီ။

ငှက်ငယ်ရဲ့ အတောင်အစုံကို
ရွှေချ ပေးလိုက်သည်နှင့်
ထိုငှက်ငယ်
ကောင်းကင်တွင် ဝဲပျံနိုင်တော့မည် မဟုတ်ပေ။

စန္ဒာ
ကောင်းကင်အနှံ့ သူ့အလင်းရောင် ပျံ့ စေ၏
သူ၏ အမည်းပြောက်တို့ကိုကား သူ့ထံ၌ပင်။

“ကိုယ့်ကို မင်းရင်ထဲမှာ
ထာဝရ ထွေးပိုက်ထားစမ်းပါကွယ်” လို့
မိုးရေစက်ကလေးက ပွင့်စံပယ်ကို တီးတိုးဆို၏ ၊
သက်ပြင်းချရင်း
ပွင့်စံပယ်လေး မြေသို့ ကြွေ၏။

အိမ်တွင်းသို့ ဝင်လာပါရန်
ကျွန်ုပ် သင့်အား မတောင်းဆို
လွတ်မြောက်ဖွယ် မရှိသော
အထီးကျန် ကိုယ့်ဘဝထံသို့သာ
ဝင်လာပါတော့ ချစ်သူရယ်။

နံနက်ခင်းက နှုတ်ဆက်မွှေးကြူလေသောအခါ
ညပွင့်ပန်းအတွက်
အခါနှောင်းခဲ့လေပြီ၊
ည ပွင့်ပန်းခမျာ
တုန်ယင်စွာ
သက်ပြင်းချကာ
မြေမှာ
ကြွေကာ ကျတော့၏ ။

ဆုံစည်းခြင်း မီးအိမ်သည်
ကြာမြင့်စွာ တောက်ပ၏
ခွဲခွာကြရပြီ ဆိုသည်နှင့်
တစ်ခဏအတွင်း
ထို မီးအိမ်သည်
ငြိမ်းမှိန်ရတော့၏

မီးခိုးဟာ
ကောင်းကင်ယံကို
ဝင့်ကြွားထိုးတက်သွားတယ်
ပြာတွေကတော့
မြေပြင်ပေါ်ကို
သက်ဆင်းကြတယ်
သူတို့ဟာ မီးလျှံအတွက်တော့
ညီရင်းအစ်ကိုတွေပါပဲ ။

မီးကျည်မီးပန်းများ
ကြယ်များကို
သင်စော်ကားခြင်းသည်
သင့်နောက်မှလိုက်ကာ
သင်ကိုယ်တိုင် မြေပြင်သို့ ပြန်လည် ဆင်းသက်ခဲ့ရလေပြီ။

ပန်းပွင့်ငယ်က မေးလိုက်တယ် ၊
“အို နေမင်း အကျွန်ုပ် သင့်ကို
မည်သို့ တေးဆို၍ ပူဇော်ရပါမည်နည်း”
နေမင်းကဖြေလိုက်တယ် ၊
“သင်၏ သန့်စင်ရိုးသားသော ဆိတ်ငြိမ်မှုဖြင့်သာတည်း” ။

တန်ခိုးအာဏာဖြင့်
အမှားသည် အမှန်တရားအဖြစ်သို့
မည်သည့်အခါမျှ မရောက်ရှိနိုင်။

လူသားပြုံးသောအခါ
လောကသည် လူသားကို ချစ်၏
လူသားရယ်သောအခါ
လောကသည် လုကို ကြောက်ရွံ့ လာ၏ ။

အစော်ကားခံနေရသော လူသားတို့၏ အောင်ပွဲကို
လူ့သမိုင်းသည် စိတ်ရှည်စွာ စောင့်ဆိုင်းရ၏ ။

ငါ ဒုက္ခတွေလည်း ခံစားဖူးပြီ
စိတ်ပျက်လက်လျှော့လို့လည်း နေခဲ့ဖူးပြီ
သေခြင်းတရားကိုလည်း နားလည်ခဲ့ပြီ၊
သည်လောကကြီးထဲမှာ
ငါရှိနေတာကိုပဲ ဝမ်းသာရတော့တယ်။

လုပ်ငန်းခွင်၏ တစ်နေ့တာသည် ကုန်ဆုံးခဲ့ချေပြီ၊
ကျွန်ုပ်၏ မျက်နှာကို သင့်လက်များကြားတွင်
ပိုက်ထွေးလှည့်ပါ မိခင်၊
အိပ်မက်တို့ကို မက်ပါရစေ။

ဘဝ ဟူသည် ကုန်ဆုံးခြင်းမရှိ ဟူသော
အဖြစ်ကို သိနိုင်ရန်
ကျွန်ုပ် အဖန်တလဲလဲ သေရပေဦးမည်။

ဤစကားသည်ပင်
ကျွန်ုပ်၏ နောက်ဆုံးစကား ဖြစ်ပါစေ
“ကျွန်ုပ်သည် အရှင်၏ မေတ္တာတရားကို
သက်ဝင်ယုံကြည်ပါသညါ”။ ။


ရေးသားသူ ။ ။ ရာဘင်ဒြာ နသ် တဂိုး
ဘာသာပြန်သူ ။ ။ မောင်မျိုးညွန့်
Digitalize by ။ ။ အရိုးခေါင်း

တိမ်းရှောင်သူ ( ၂ )

အမှောင်ထုသည်
အလင်းဆီသို့ ဦးတည်ခရီးဆက်နေသော်လည်း
မသိမြင်နိုင်ခြင်းကမူ
သေဆုံးခြင်းသို့ ဦးတည်နေပါသည်။

လေးကိုင်းက မြှားကို ပစ်မလွှတ်မီ
တိုးတိုးလေး ပြောလိုက်သတဲ့
“မင်းရဲ့လွတ်လပ်ခြင်းဟာ ငါ့ဆီမှာ ရှိတယ်” လို့။

မုန်တိုင်းသည်
သူ၏ အချစ်ကို
လောက က ငြင်းပယ်လိုက်သောကြောင့်
ဝေဒနာကို ခံစားနေရသော
နတ်ဘုရားတစ်ပါး၏ အော်ဟစ်သံနှင့် တူလေစွ။

ရှက်ကြောက်တတ်သော
အတွေးလေးများရယ်
ငါ့ကို မကြောက်ပါနဲ့
ငါဟာ ကဗျာဆရာ တစ်ယောက်ရယ်ပါ။

လှူဆိုတာ
တိရ စ္ဆာန်ဖြစ်ခဲ့ရင်
တိရ စ္ဆာန်ထက် ပို့လို့ဆိုးလိမ့်မယ်။ ။


ရေးသားသူ ။ ။ ရာဘင်ဒြာ နသ် တဂိုး
ဘာသာပြန်သူ ။ ။ တက္ကသိုလ် ညိုဝင်းအောင်
Digitalize by ။ ။ အရိုးခေါင်း

တိမ်းရှောင်သူ

မြေမှုန်လေး ဟာ
အစော်ကားခံ ရတယ်။
ဒါပေမယ့်
တုံ့ ပြန်မှု အနေ နဲ့ 
ပန်းကလေး တွေကို ပေးဆက်ပါတယ်။

ပန်းကလေး တွေကို
ခူးခြွေ သိမ်းဆည်းဖို့  စိတ်မစောပါ နဲ့ ကွယ်
ရှေ့ ကို ဆက်လျှောက်စေချင်တယ်
မင်းရဲ့ လမ်းတလျှောက်မှာ
ပန်းကလေးတွေ ပွင့်လန်းနေကြတာ
တွေ့ ရပါလိမ့်မယ်။

ပဲ့တင်သံ က
သူသာ မူလအသံဖြစ်ကြောင်း ပြနိုင်အောင်
မူလအသံ ကို ပြက်ရယ်ပြု လေတယ်။


အားအင် ကုန်ခမ်းစွာ
အဆုံးသတ်သွားတာကတော့ “ သေခြင်း ပဲ
ဒါပေမဲ့
အစစ်အမှန် အဆုံးသတ်ခြင်း ဆိုတာကတော့
အဆုံးမရှိ ခြင်း ပါ ပဲ။

တစ်ပါးသူ အကျိုးပျက်စီး အောင်
လုပ်နိုင်တာ ကိုပင်လျှင်
ဂုဏ်ယူဝင့်ကြွားနေတဲ့ တန်ခိုးအာဏာကို
ကြွေလွင့် နေတဲ့ ရွက်ဝါလေးတွေ နဲ့ 
ရွေ့ လျားနေ တဲ့ တိမ်တိုက်လေးတွေ က
လှောင်ပြောင် ရယ်မောကြလေတယ်။

မြက်ပင်လေး သည်ပင်လျှင်
သူပေါက် ရာ နေရာ၌
လောကကြီး အတွက် တန်ဖိုးရှိပေသည်။

ည ဟာ ထွက်ခွါစပြုနေ တဲ့ နေ့  ကို နမ်းလိုက်တယ်
နေ့  က တိုးတိုး လေးဆိုတယ်
ငါ့ဘ၀ ဟာ သေဆုံးခဲ့ပါပြီ
ငါဟာ မင်းရဲ့ မိခင်ပါ ပဲ
မင်းကို အသစ်မွေးဖွါးပေး ဖို့ ပဲရှိတော့တယ်။

ည အမှောင်
ချစ်သူမိန်းမပျို ဟာ
မီးအိမ် ကိုငြှိမ်းသတ် လိုက်သလို
မင်းရဲ့ အလှကို ငါ ခံစားလိုက်ရပါတယ်။

တူဖြင့် ထုနှက်ခြင်း မဟုတ်မူပဲ
စမ်းရေယဉ် ၏ ကခုန်ခြင်းဖြင့်
ကျောက်စရစ်လေးများ ကို ပြီးပြည့်စုံသော အဖြစ်သို့ 
တေးဆိုရင်း ရောက်စေနိုင်ပါသည်။

အမှားအားလုံး အတွက်
သင့်တံခါး ကို ပိတ်ထားပါလျှင်
အမှန်တရား သည် တားဆီးခြင်းကို ခံနေံရပေမည်။

ကျွန်ုပ် ၏ နှလုံးကြေကွဲမှု နောက်ကွယ်မှ
လှုပ်ရှားသံများ ကို ကြားနေရပါ သည်
မြင်ကား မမြင်ရပါ ချေ။

အရွက်လေးတွေ မေတ္တာနယ် ကို သက်ဆင်းမိတော့
အပွင့်လေးတွေဖြစ်လာတယ်၊
အပွင့်လေးတွေ သဒ္ဓါကျွံ ပြန်တော့
အသီးလေးတွေ ဖြစ်သွားပါရော။

မြေလွှာအောက်မှ အမြစ်များ သည်
အကိုင်းအခက်များ အား
အသီးများဖြင့် ပြည့်စုံစေခြင်း အတွက်
မည်သည့် ဆုလာဘ်ကို မျှမတောင်းဆိုပါချေ။

သန်းခေါင်ယံ မုန်တိုင်းသည်
အချိန်မတိုင်မှီ နိုးလာသော
ထွားကြိုင်းသည့် ကလေးငယ် ကဲ့သို့ 
အော်ဟစ် ကစားစ ပြုခဲ့လေပြီ။

အပြော က အလုပ် ကို ဆို တယ်
ငါ့ ရဲ့ မပြည့်ဝ မှု အတွက် ရှက်လိုက်တာ
အလုပ် က အပြော ကို ပြန်ပြောတယ်
မင်းကိုမြင် မှ ပဲ
ငါဘယ်လောက် ဆင်းရဲတယ် ဆိုတာ
သိရတော့တယ် ။




ကျွန်ုပ် ရဲ့  တာဝန်ကို ဘယ်သူများ လွှဲပြောင်းယူမလဲ
ဝင်လုဆဲ နေမင်း က မေးလေတယ်၊
ကျွန်ုပ် တတ်နိုင် သမျှ ထမ်းဆောင်ပါမည် သခင်
ဆီမီးခွက်ငယ် က ဖြေလိုက်တယ်။

ကြယ်ကလေးတွေ ကြားမှာ
မသိမြင်နိုင် တဲ့ အမှောင်ထု ကို ဖြတ်သန်းပြီး
ကိုယ့် ဘ၀ ကို လမ်းညွှန်မယ့် ကြယ်ကလေး တစ်ပွင့်များ
ရှိလေမလားလို့  ကိုးစားပါ ရ စေ ကွယ်။

ည ဟာ လျှို့ ဝှက် စွာ ပန်းကလေး တွေကို
ပွင့်လန်းစေ တယ်၊
ပြီးတော့ နေ့  ကို ကျေးဇူး တင်ခံ ဖို့ 
ခွင့်ပြု လိုက်လေ တယ်။

ပိုးစုန်းကြူး က ကြယ်ကလေးတွေ ကို ပြောလေ တယ်
မင်း တို့ ရဲ့ အလင်းရောင် ဟာ
တစ်နေ့  မှာ ကွယ်ပျောက်ရမယ် လို့ 
ဆို စကား ရှိလေ တယ်
ကြယ်လေးတွေ က ဘာမှပြန်မပြော ပဲ နေလိုက်တယ်။

ဘုရားသခင် သည်
လူသားတို့  ၏ မီးအိမ်အလင်းရောင်ကို
သူ၏ ကြယ်တာယာများထက် ပို၍
နှစ်ခြိုက်တော်မူလေသည်။

ဤကမ္ဘာသည်
ဂီတအလှအပဖြင့်
ယဉ်ကျေးအောင် ပြုပြင်ထားသော
ရိုင်းစိုင်းသည့် မုန်တိုင်းကမ္ဘာသာ
ဖြစ်တော့သည်။

ရင်ဆိုင်ခြင်းဖြင့် သင် သတ်နိုင်၏
ရှောင်ထွက်သွားခြင်းဖြင့်
သင် သိမ်းပိုက် ရယူနိုင်တော့သည်။

ပုရစ်အော်သံနဲ့ မိုးရေကျသံတွေဟာ
အမှောင်ကို ဖြတ်သန်းပြီး
ကိုယ့်ဆီကို လာကြတယ်
ကိုယ့်ရဲ့ အတိတ်ကာလ ငယ်စဉ်လဝက
အိပ်မက်တွေရဲ့ ထိခတ်သံတွေလိုပါပဲ။

“ငါ့ရဲ့ နှင်းပွင့်ကလေး ပျောက်ဆုံးသွားပြီ”
ပန်းပွင့်လေးက
ကြယ်တွေအားလုံး ပျောက်ဆုံးသွားရတဲ့
နံနက်ခင်းရဲ့ ကောင်းကင်ပြင်ကို
အော်ပြောလိုက်တယ်။

မင်းမြင်ရတာ မင်းမဟုတ်ဘူး
မင်းရဲ့ အရိပ်ပဲ။

ကိုယ်က အကောင်းဆုံးကို ရွေးချယ်လို့မရဘူး
အကောင်းဆုံးကသာ ကိုယ့်ကို ရွေးချယ်လိမ့်မယ်။

လူဆိုတာ မွှေးကင်းစကလေးငယ်ပဲ
သူ့ရဲ့ စွမ်းအားဟာ ကြီးထွားမှုပေါ့။

မျက်ခွံတွေကို မျက်စိက ပိုင်သလိုပဲ
အနားယူခြင်းကို အလုပ်က ပိုင်တယ်။

တန်ခိုးအာဏာက လောကကို ပြောတယ်
“မင်းကို ငါပိုင်တယ်”တဲ့
လောက က သူ့ကို ရာဇပလ္လင်ထက်မှာ
အကျဉ်းချထားလိုက်တယ်၊
မေတ္တာတရားက လောကကို ဆိုတယ်
“ကျွန်ုပ်ကို အသင် ပိုင်ပါတယ်”
လောက က သူ့ကို လွတ်လပ်ခွင့် ပေးလိုက်တယ်။ ။


ရေးသားသူ ။ ။ ရာဘင်ဒြာ နသ် တဂိုး
ဘာသာပြန်သူ ။ ။ မိုးမိုး(အင်းလျား)
Digitalize by ။ ။ အရိုးခေါင်း

စာရှုသူ သို့ 

ချစ်သောစာရှုသူ
ကျွန်ုပ်၏ ကဗျာများကို ဖတ်နေမည့်သင်သည်
မည်သူ ဖြစ်ပါသနည်း။
ကနွေဦးတွင် ပွင့်သော
ပန်းကလေး တစ်ပွင့်ကိုသော်မျှ
ကျွန်ုပ်သည် သင့်ထံ
ပေးပို့နိုင်သည် မဟုတ်ပါ။
ဟိုအဝေးတွင် မြင်နေရသော
မိုးသားမိုးတိမ်တို့ဆီမှ ဖြာထွက်လျက်ရှိသည့်
ရွှေရောင်ခြည် မျှင်တန်းကလေးကိုသော်မျှ
ပေးပို့နိုင်လိမ့်မည် မဟုတ်ပါ။
သင်၏တံခါးများကို ဖွင့်ရ အပြင်သို့ ကြည့်လိုက်စမ်းပါ။
ဖူးပွင့်လျက်ရှိသော သင်၏ဥယျာဉ်ထဲတွင်
လွန်ခဲ့သော အနှစ်တစ်ရာက
ပျက်သုဉ်း ပျောက်ကွယ်ခဲ့ရသော ပန်းကလေးများ၏
သတိတရ မွှေးရနံ့ကလေးများကို စုစည်းလိုက်ပါ။
သင့်နှလုံးသား၏ ပီတိအဟုန်တွင်
နွေဦးတစ်နံနက်မှ သီကြွေးခဲ့သော ကြည်နူးမှုအပေါင်းကို
လန်းလန်းဆတ်ဆတ် ခံစားနိုင်ပါလိမ့်မည်။
ကသည်ပင်
အနှစ်တစ်ရာကို ဖြတ်သန်းရ
ပေးပို့လိုက်သော
ကျွန်ုပ်၏
ဝမ်းမြောက်ကြောင်း တုံ့ပြန်မှုပင် ဖြစ်ပါတော့သည်။

ရာဘင်ဒြာ နသ် တဂိုး