Subscribe

Monday, December 8, 2008

ဥယျာဉ်မှူး

အမှုထမ်း - " အရှင်မဖုရား၏ ကျေးတော်မျိုး အား သနားဂရုဏာထားတော်မူပါ သခင်မဖုရား "

ဘုရင်မ - " ညီလာခံပြီး ဆုံးချေပြီ ၊ မင်းမှုထမ်း အားလုံးလဲ ပြန်သွားလေပြီ ၊ အဘယ်ကြောင့် နောက်ကျ၍ ရောက်လာ သနည်း မောင်မင်း"

အမှုထမ်း - " အခြားသူများ နှင့် သခင်မ တွေ့ ဆုံပြီးသည်ကား မှန်ပါသည် ၊ ယခုအချိန်သည် ကျွန်တော်မျိုး၏ အချိန် ဖြစ်ပါသည်။
သခင်မ ၏ နောက်ဆုံး ကျန်ရှိသည့် အမှုတော်များ ကို ထမ်းရွက်ရန်လာပါသည်။ "

ဘုရင်မ - " နောက် ကျ လှ သည့် ဤအချိန်ဝယ် သင် ဘာကို မျှော်လင့် နိုင်မည်နည်း "

အမှုထမ်း - " သခင်မ ၏ ပန်းဥယျာဉ် ၀ယ် ဥယျာဉ်မှူး အဖြစ် ခန့် အပ် တော် မူ ပါ "

ဘုရင်မ - " သို့ တောင်းဆိုခြင်းကား မိုက်မဲလှပေစွ "

အမှုထမ်း - " ကျွန်တော်မျိုး ၏ အခြားအလုပ် ကို စွန့် လွှတ်ပါမည် ၊ ကျွန်ုပ်၏ ဓါးနှင့်လှံ များကို မြေပေါ် သို့  လွှင့်ပစ်ပါမည် ၊ ကျွန်တော်မျိုးအား အခြားတစ်ပါး ဝေးသောအရပ်သို့ ပို့ တော်မမူပါ နှင့် ၊ တိုက်ပွဲသစ်များကို တာဝန်ယူတိုက်ခိုက်ရန် အမိန့်ပေးတော်မမူပါနှင့်တော့ ၊ သခင်မ၏ ပန်းဥယျာဉ်ဝယ် ဥယျာဉ်မှူးအဖြစ် ခန့် အပ်တော်မူ ပါ "

ဘုရင်မ - " သင်၏ တာဝန်များ ကား အဘယ်နည်း "

အမှုထမ်း - " သခင်မ ၏ ပျင်းရိငြီးငွေ့ ဖွယ်နေ့ များ ကို ဖျော်ဖြေလုပ်ကျွေးရန်သာဖြစ်ပါသည်
နံနက်ခင်းဝယ် သခင်မ လမ်းလျှောက်သည့် မြက်ခင်းပြင်လေး ကို စိုပြေလန်းဆန်းနေစေရန် ပြုစုပေးပါမည် ၊ သခင်မ ခြေချလိုက်တိုင်း အသက်စွန့် ရန် ၀န်မလေး သော ပန်းပွင့်လေးများက သခင်မ ၏ ခြေဖ၀ါးတော်အောက် ၀ယ် ၀ပ်စင်း၍ သခင်မ အား ချီးမြှောက် ကာ ခရီးဦးကြို ပြုစေပါမည်။ "
သစ်ကိုင်းတို့ အကြားဝယ် ဒန်းပြုလုပ်၍ သခင်မအား စီးစေကာ ကျွန်ုပ် က လွှဲပေးပါမည် ၊ ညနေခင်း ၏ ထွက်ပြူစ လမင်း သည် သစ်ရွက်များ ၏ ကြားမှ သခင်မ ၏ ၀တ်ရုံ ကို ထိနမ်း နိုင်ရန် ကြိုးစား ပါလေမည်။
သခင်မ ၏ ဘေးဝယ် နံ့ သာဆီ ဖြင့် မီးအိမ် ကို ထွန်းညှိ ပေးပါမည် ၊ သခင်မ ၏ ခြေနင်းခုံ ကို ကျောက်မျက်များ ၊ ပန်းများ ဖြင့် အံ့ချီးဖွယ် လှပစွာ တန်ဆာဆင်၍ ပေးပါ ဦးမည် ။

ဘုရင်မ - " သင့် အတွက် ဆုလာဘ်အဖြစ် ဘယ်အရာ ကို ယူမည်နည်း "

အမှုထမ်း - " ကြာပန်းဖုးငုံ ကဲ့ သို့ သော သခင်မ ၏ လက်ကလေးများ ကို ဆုပ်ကိုင်ခွင့်ပြု ရန်၊ ပန်းကုံးလေး များကို သခင်မ ၏ လက်ကောက်ဝတ် ၀ယ် ဆင်မြန်းခွင့်ပေးရန်၊ သခင်မ ၏ ခြေဖ၀ါးလေးများ ကို နီမြန်းသော ပန်းရည်များဖြင့် ရေးခြယ်ပေးရန် နှင့် ဖ၀ါးထက်ဝယ် တွယ်ကပ်နေသော မြေမှုန်လေးများ ကို နမ်း ၍ ဖယ်ရှားခွင့်ပြုရန်တို့ ပင်ဖြစ်ပါသည်။ "

ဘုရင်မ - " သင်၏တောင်းဆိုမှု များကို ပေးသနားတော်မူုမည် မောင်မင်း ၊ သင်သည် ကျွန်ုပ် ၏ ပန်းဥယျာဉ် ၀ယ် ဥယျာဉ်မှူး ဖြစ်စေအံ့ ။ ။

ရေးသားသူ - ရာဘင်ဒြာ နသ် တဂိုး
ဘာသာပြန်သူ - မိုးမိုး ( အင်းလျား )
Digitalize by - အရိုးခေါင်း ( တဂိုးစာနုယဉ် မှ )

No comments: